မိတ္ထီလာ မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ဘဏ္ဍာရေးနှစ်မှ စတင်ပြီး (၄)နှစ်စာ နှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကား ပြောကြားရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် (၄)နှစ်စာနှစ်အလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်မည့် အစီအမံများကို ရေးဆွဲတင်ပြရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ရေးဆွဲတင်ပြပြီး တင်ပြသည့် လုပ်ငန်းအစီအမံများ၏ လတ်တလောအကျိုးပြုနိုင်မှု၊ ရေရှည်အကျိုးပြုနိုင်မှု စသည်တို့ကိုပါ ထည့်သွင်းရေးဆွဲတင်ပြကြရန် လိုအပ်ကြောင်း အလေးထားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲရေးနှင့် သက်ဆိုင်သည်များကို ဆွေးနွေးပြောကြားကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြန်လည်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းသာ