ပြည်ထောင်စုတိုင်းရင်းသားစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၈)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲဆောင်ရွက်

ဒဂုံဆိပ်ကမ်း မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ အသက်(၁၈)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးကျော်က လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတွင် အသက်(၁၀)နှစ်နှင့် အသက်(၁၈)နှစ်ပြည့်နိုင်ငံသားတိုင်းကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ကတ်ထုတ်ပေးရေးသည် အရေးကြီ:သည့်အခန်းကဏ္ဍဖြစ်သည့်အတွက် ယခုလို ရက်(၁၀၀)စီမံချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပညာသင်ကြားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း၊ ပြည်တွင်းပြည်ပခရီးသွားလာခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ ဂရန်လျှောက်ထားခြင်းစသည့် နယ်ပယ်အသီးသီးတွင် မိမိတို့ဝန်ကြီးဌာနမှထုတ်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးကျော်က ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အသက်(၁၈)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၄)ကတ်အားပေးအပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုးက မြန်မာစာဘာသာရပ်ဆိုင်ရာ ကိုယ်တိုင်ရေးစာအုပ်များအား ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)သို့ လှူဒါန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/မများ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)