ဖယ်ခုံ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က ကုန်ဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာ က မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် တာ၀န်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှုလျော့ချရေးအစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်၍ ပြည်သူလူထုများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မား အဆင်ပြေချောမွေ့စေရန်အတွက် အထောက်အကူပြု ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာ ၂၁၄ ရွာအနက် မြစိမ်းရောင်ကျေးရွာ နှစ်ယူနစ်အတွက် ငွေကျပ်သိန်း ၆၀၀ ကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုငန်းစီမံကိန်း (VDP) ၁၈ ယူနစ်အတွက် ငွေကျပ်သိန်း ၁၈၀၀/- ကိုလည်းကောင်း၊ စုစုပေါင်းကျေးရွာ ၂၀ အတွက် ငွေကျပ်သိန်း ၂၆၀၀/-ဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာပြည်သူများအား လူ ၃၀ ဦးစီဖြင့် နှစ်ကြိမ်ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)