မိတ္ထီလာ မေ ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းနှင့် ပန်းတိုင်ရရှိရေး စံပြကွက်များအတွက် မျိုးစေ့နှင့် သွင်းအားစုပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနးမှူး ဦးသက်နိုင်အေးက မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိတ္ထီလာမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မျိုးစေ့ထုတ်စံပြကွက်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်များ စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းစိုက်ဧကများအတွက် မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ရက်(၁၀၀)စီမံချက်ဖြင့် မျိုးစေ့ထုတ်စိုက်ခင်းနှင့် ပန်းတိုင်ရရှိရေးစံပြကွက် စိုက်တောင်သူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေ၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးတို့က ပေးအပ်သည်။
မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၃၂ ဦး ၏ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ မျိုးစေ့ထုတ်စံပြကွက် စိုက်ဧက ၉၅ ဧကနှင့် ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူ ၅၁ ဦး၏ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် စိုက်ဧက ၁၀၀ တို့အတွက် မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)