ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရက်(၁၀၀)စီမံချက် ဖြင့်  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန် လဲ စစ် လုပ်ငန်းများအား  ယနေ့နံနက်ပိုင်းက အမှတ်(၆၇၊ ၉၀၊ ၁၆၈) ရပ်ကွက်များတွင် တစ်ပြိုင်နက် တည်း တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာ‌ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ လူမှုရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ်(၆၇၊ ၉၀၊ ၁၆၈)ရပ်ကွက်များအတွင်း မိုးဦးကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်များရှိ ရေတွင်း၊ ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ပေါက်ပွားနိုင်သည့် ဘုရားပန်းအိုးများ၊  ရေတင်ကျန်နိုင်သည့် နေရာများတွင် ( ဖုံး၊ သွန် ၊ လဲ ၊ စစ် ) လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ၊ မရှိ အစားအသောက်နှင့် ရေ သန့်ရှင်းမှုရှိစေရန် စစ်ဆေးခြင်း၊ ၅ နှစ်အောက် ကာကွယ်ဆေး မထိုးနှံရသေးသော ကလေးများ ရှာဖွေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)