တာလေမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကျင်းပ

တာလေ မေ ၂၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်းရှိ တာလေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် တာချီလိတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာအတွေ့အကြုံများ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်လုပ်ထုံးလုပ်နည်းများအားရှင်းလင်းပြောကြားပြီး တာချီလိတ်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းက ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ တာဝန်လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကသိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)