ငါန်းဇွန် မေ၂၁
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ မေလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၅) နာရီကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားဝန်ထမ်းများက ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ လာရောက် ထုတ်ယူကြရာ ယနေ့ မွန်းလွဲ (၂) နာရီအထိ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၂၆၄) ဦး လာရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။ ပင်စင်လစာများကို မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စားများ လာရောက်ထုတ်ယူခဲ့ပြီး မြို့နယ်အတွင်း ပင်စင်စားဦးရေ စုစုပေါင်း(၅၇၀) ဦးရှိကြောင်းနှင့် လစဉ် (၂၁) ရက်နှင့် ရုံးဖွင့်ရက်များ (ရုံးပိတ်ရက်များမှအပ) ၌ နံနက် (၆) နာရီမှ မွန်းလွဲ (၂) နာရီအထိ ပင်စင်လစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပင်စင်စားများကို ပင်စင်လစာအပြင် လစဉ်နိုင်ငံတော်မှပေးအပ်ချီးမြှင့်သော ထပ်ဆောင်းအပိုထောက်ပံ့ကြေးများနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ပင်စင်စားများအား တစ်ဦးလျှင် လစဉ် စားအုန်းဆီနှစ်ပိဿာနှုန်းကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နာမကျန်းအငြိမ်းစားပင်စင်စားများကို ပင်စင်လစာထုတ်ယူနိုင်စေရန် ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားထုတ်ပေးလျက်ရှိပြီး ကိုယ်စားလှယ်ဖြင့် ထုတ်ယူမှုလများလာပါက Video Call ဖြင့် ခေါ်ယူစစ်ဆေး၍ သက်ရှိထင်ရှားရှိကြောင်း မှန်ကန်ပါက ကိုယ်စားလှယ်ဖြင့် ပင်စင်လစာထုတ်ပေးခြင်း၊ မိသားစုပင်စင်စားများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ယခုအချိန်အထိ အိမ်ထောင်မပြုသေးကြောင်း ထောက်ခံစာနှင့်အတူ မိသားစုပင်စင်များကို မြန်မာ့စီးပွားရေးဘဏ်မှ အကျိုးဆောင်ပေးလျှက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
ကိုကိုနိုင် (ပြန်/ဆက်)