နောင်တရား မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများအပိုဝင်ငွေရရှိစေရန် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်အောင်ဒင်မိုင်က အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ ပြောကြားကာ စက်ချုပ်သင်တန်းအပြင် မိမိတို့ဦးစီးဌာနမှရပ်ကွက်/ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆိုင်ကယ်ပြင်သင်တန်း၊ မုန့်ပြုလုပ်နည်းသင်တန်း၊ အာလူးကြော်သင်တန်းစသည့် အိမ်တွင်းမှုသင်တန်းများကို အခမဲ့သင်ကြားပို့ချပေးလျက်ရှိကြောင်း သင်တန်းသို့တက်ရောက်လာသော သင်တန်းသူများလည်း သင်တန်းနည်းပြမှ သင်ကြားပို့ချချက်များအား စိတ်ပါဝင်းစားစွာလေ့လာသင်ယူကာ လက်တွေ့နယ်ပယ်မှာအကျိုးရှိရှိ အသုံးချကြစေလိုပြီး မိသားစုအပိုဝင်ငွေရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နောင်တရားမြို့နယ်မြေစခန်းမှူး ဦးခင်မောင်မြင့်က သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးမှလက်ခံရယူခဲ့ကြောင်း၊ အဆိုပါသင်တန်းသည် သင်တန်းသူ(၁၀)ဦးနှင့် သင်တန်းနည်းပြ(၁)ဦးဖြင့် သင်တန်းကာလ(၄၅)ရက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)