ညောင်ရွှေ မေ ၂၁
ညောင်ရွှေမြို့နယ် စီမံကိန်းရေးဆွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆)ကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာရဲမြင့်စိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးတိုးရ၊ ဦးခွန်စနေအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အင်းသားတိုင်းရင်းသားရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အသီးသီးမိတ်ဆက်အမှာစကား ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းလျာထားချက်များကို အသီးသီးရှင်းလင်းတင်ပြကြပြီး အင်းသားတိုင်းရင်းသားရေးရာဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီအတွင်းရေးမှူး ဒေါ်ဇင်မာတင့်ထွန်းတို့က တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
စိုင်းအယ်ဘဲ