တာချီလိတ်မြို့၌ ကြက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း စီမံကိန်းဆိုင်ရာအကြောင်းအရာများ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားကျင်းပ

တာချီလိတ် မေ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ကြက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း စီမံကိန်းဆိုင်ရာအကြောင်းအရာများ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူသဘောထားရယူခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့မဘောလုံးကွင်းအနီး 29 Hotel တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နန်းသီတာမိုင်းယောင်းကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ ဦးဆန်းဦးက တာချီလိတ်မြို့နယ်၊ ပုံလို့လမ်း၊ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ မြေ ၄.၉၅ဧကပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကြက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း စီမံကိန်းဆိုင်ရာအကြောင်းအရာများအား ရှင်းလင်းတင်ပြီး အီးဂတ်ပတ်ဝန်းကျင်ဆိုင်ရာအကြံပေးအဖွဲ့၏ ဒါရိုက်တာ ဦးတင်အောင်မိုးက ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း (Initial Environmental Examination–IEE)ဆိုင်ရာကိစ္စရပ်များကို စီမံကိန်းတာဝန်ရှိသူများနှင့် သက်ဆိုင်ရာပညာရှင်များက ကြက်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေရေး ဆောင်ရွက်ထားရှိမှုများ၊ စွန့်ပစ်ရေဆိုးနှင့်အမှိုက်စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲမည့်နည်းလမ်းများ၊ ဒေသပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကိုအများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြနိုင်ရေး၊ ဒေသခံပြည်သူများ၏ သဘောထားအမြင်များရယူနိုင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး၊ လူမှုဘဝထိခိုက်မှုမရှိစေရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)