ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ပျော်ဘွယ် မေ ၂၁

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာများလာရောက်ထုတ်ယူနေကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးကုသပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မေ ၂၁ ရက် နံနက် ၈ နာရီက အခမဲ့ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့လဲ့အောင်နှင့် ဝန်ထမ်းများက ရောဂါဖြစ်ပွားမှုစာရင်းကောက်ယူခြင်း၊ စစ်ဆေးရှာဖွေခြင်း၊ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ လိုအပ်သောအကြံဉာဏ်များပေးခြင်း၊ ဆေးဝါးများပေးခြင်းနှင့် ကုသပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ၈၂ ဦးအားကုသပေးနိုင်ခဲ့ပြီး စစ်ဆေးမှုထပ်မံ ပြုလုပ်ရန်လိုအပ်သည့် လွှဲပို့လူနာ ၃ ဦးအား ပြည်သူ့ဆေးရုံသို့ ညွှန်းပို့ဆောင်ရွက်ပေးခဲ့ကြသည်။ အငြိမ်းစားဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းဆေးကုသနေမှုအား မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဘဏ်ခွဲဝန်ထမ်းများက လိုအပ်သည်များအားကူညီဆောင်ရွက်ပေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)