ကျောက်မဲမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် လိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်မဲ မေ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ ရက်(၁၀၀)စီမံချက်အဖြစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းလိုင်စင်ပြုလုပ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျောက်မဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံး တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်လင်းနှင့် ဝန်ထမ်းများက တက်ရောက်လာကြသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်အချက်များကို အသေးစိတ် အသိပညာပေး ဟောပြောခဲ့ကြသည်။

ယင်းနောက် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ ဝန်ထမ်းများက သွားလာရေးအဆင်ပြေစေရန်အတွက် တစ်ပါတည်းကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အမောင်းသင်လိုင်စင်မရှိသေးသူများကို အမောင်းသင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့် အမောင်းသင်လိုင်စင် ရှိပြီးသားသူများကို ဆိုင်ကယ်မောင်းလိုင်စင်များ ချက်ချင်းလဲလှယ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် လိုင်စင်ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ၂၀၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)