သထုံ ဩဂုတ် ၆
မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် သင်းထော်ကျောင်းတိုက် တက်လူတို့၏လှေခါးစာကြည့်တိုက်တာဝန်ခံ အရှင်ဝဏ္ဏသီရိက ဩဝါဒစကား မြွက်ကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်နှင့် Book Club အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့တို့က စာပေဖတ်ရှုမှု မြင့်မားရေးနှင့် စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ဆွေးနွေးအမှာစကား ပြောကြားသည်။ စာဖတ်ဝိုင်းတွင် သင်းထော်ကျောင်းတိုက်ရှိ တက်လူတို့၏လှေခါး စာကြည့်တိုင်အသင်းဝင် လူငယ်စာပေဝါသနာရှင်များက စာရေးဆရာဖေမြင့် ရေးသားသည့် "အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်း" စာအုပ်ကို အခန်းအလိုက်ဖတ်ရှုရာ Book Club အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ၎င်းတို့နှစ်သက်ရာများကို သုံးသပ် ဆွေးနွေးပြီး စာဖတ်သူများက အဆိုပါစာအုပ်၌ မှတ်ယူသင့်သည်များ၊ ထပ်မံသိလိုသည်များနှင့် မရှင်းလင်းသည်တို့ကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြပြီး သထုံမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာပေပညာရှင်များနှင့် ဝါသနာရှင်များ၊ တက်လူတို့၏လှေခါး စာကြည့်တိုက်အသင်းဝင် လူငယ်များနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဦး(သထုံ)