မောက်မယ် မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစတင်ရွာခြင်းနှင့်အတူ ရာသီသီးနှံစိုက်ပျိုးရာတွင် ပဲပုတ်သီးနှံများကိုစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
မောက်မယ်မြို့နယ်၌ ယခုနှစ်သီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရေး၊ ဒေသခံရှမ်းတိုင်းသားများ၏အဓိကစားသုံးသည့်ပဲပုတ်သီးနှံ အထွက်တိုးစေရေးအတွက်ရည်ရွယ်ကာ ပဲပုတ်၊ မတ်ပဲ၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံမြေပဲတို့ကိုလျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရကာ ဒေသခံတောင်သူများ ဆောင်းသီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များမှန်ကန်စေရန်၊ စိုက်ပျိုးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာသုံးတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးဆောင်ရွက်ရန်နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
“ကျွန်တော်တို့ မောက်မယ်မြို့နယ်က စိုက်ပျိုးရေးအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူ တွေဟာ(နွေ၊မိုး၊ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက မေလလယ်ကရွာသွန်းတဲ့မိုးနဲ့ ပဲပုတ်သီးနှံများကို စတင်စိုက်ပျိုး နေကြပြီဖြစ်ပါတယ်။ ပဲပုတ်သီးနှံစိုက်ပျိုးဖို့အတွက် ထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းများဆောင်ရွက်နေ ကြပါတယ်။ တောင်သူတွေကိုသတ်မှတ် လျာထားဧကပြည့်မှီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ လိုအပ်တဲ့စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်တော်တို့မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက်တာဝန်ခံကွင်းဝန်ထမ်းတွေက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေပါတယ်”ဟု မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစွမ်းရည်ထူးက ပြောကြားသည်။
စိုင်းမျိုးသန့်(မောက်မယ်)