ညောင်ဦး မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်း အနားကို မေ ၂၁ ရက်၊ နံနက် ၈ နာရီက မြေစိုက်ပိုစတာစိုက်ထူပွဲနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနော်ရထာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာအား ညောင်ဦး-ကျောက်ပန်းတောင်းသွားကားလမ်းမကြီးဘေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့တွင်လည်းကောင်း၊ ဘုရားနီလမ်းဆုံနှင့် မဏိစည်သူဈေးရှေ့တွင်လည်းကောင်း၊ မြေစိုက်ပိုစတာအား အခမ်းအနားဖြင့် စိုက်ထူကြရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းပို၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်တိုး၊ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြကာ တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် စုပေါင်းမှတ် တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အနော်ရထာခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားရာ ညောင်ဦးမြို့နယ်အတွင်း ကျောင်းများ ရာနှုန်းပြည့် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ ရာခိုင်နှုန်းပြည့် ကျောင်း အပ်နှံနိုင်ရေး အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးကျော်ဝင်းက ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပြီးနောက် တက်ရောက်လာသည့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများက ဆွေးနွေးတင်ပြကြရာ ကျောင်းအပ်နှံရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း