မော်လမြိုင် မေ ၂၀
ပြည်တွင်းအခွန်များဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စားသောက်ဆိုင်/ KTV လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ Royal Hinthar Hotel ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခွန်ဆိုင်ရာပညာပေးရှင်းလင်းပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးနိုင်လယိတမက စားသောက်ဆိုင်/KTV လုပ်ငန်းရှင်များအနေဖြင့် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းကို တည်ဆဲအခွန်ဥပဒေများနှင့်အညီ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနက သတ်မှတ်ထားသည့် အသိပေးကြေညာချက် ဗီနိုင်းများကို မိမိတို့လုပ်ငန်း၏ မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားရမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ပြည်နယ်အခွန်ဦးစီးဌာနမှူးက ရှင်းလင်းဆွေးနွေးမည့်ကိစ္စရပ်များကို မှတ်သား၍ တိတိကျကျ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူးဦးဂျွန်စိန်ဂီက စားသောက်ဆိုင်/KTV လုပ်ငန်းများတွင် ပြေစာအမှတ်တံဆိပ်အသုံးပြုပြီး ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အခွန်ပညာပေးရှင်းလင်းပွဲသို့ ပြည်နယ်အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့ဝင်များ၊ စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)