မုဒုံမြို့၌ မုန်တိုင်းဘေးတုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မုဒုံ မေ ၂၀

မွန်ပြည်နယ်၊မုဒုံမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ပင်လယ်ဆိပ်ကမ်းနားရှိ ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မုန်တိုင်းသတိပေးအရေးပေါ်ထုတ်ပြန်ချက်(အညိုရောင်အဆင့်)သတင်းကို ကျေးရွာနေပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ကြေညာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်း၊ ဇရပ်(ဘေးလွတ်ရာနေရာ)သို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ် ၊သက်ကြီးရွယ်အို၊မသန်စွမ်းသူများ ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်ခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများကို ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ကြည့်ရှုအားပေးပြီး  မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေးပြောကြားကာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ရာမည (ပြန်/ဆက်)