ကလော ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးဆိုင်ရာ ပြင်ဆင်သည့် နည်းဥပဒေများနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခန့် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း က ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၃၆၊ ပုဒ်မခွဲ(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်သည့်နည်းဒပဒေများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ ၃(ခ)အရ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ ကျေးရွာတာဝန်ခံနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို စနစ်တကျမှန်ကန်စွာ ရွေးချယ်နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ အလိုက် တာဝန်ထမ်းဆောင်မည့် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းမော် (ပြန်/ဆက်)