မိုးကောင်းမြို့၌ ရှေးဟောင်းသမိုင်းဝင် ရွှေဝက်တိုးစေတီတော်ကြီး ထီးတော်အသစ်တင် မင်္ဂလာအခမ်းအနားကျင်းပ

မိုးကောင်း မေ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ လွဲလော‌ကျေးရွာအုပ်စုရှိ မန်ပင်ကျေးရွာတွင်း တည်ထားကိုးကွယ်အပ်သော သမိုင်းဝင်ရွှေဝက်တိုးစေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ထီတော်အသစ်တင် အလှူတော်မင်္ဂလာပွဲကို မေလ (၁၉) ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ မဟာတိလောကရာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဌာန နာယကဖြစ်သော ကချင်ပြည်နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအာစိဏ္ဏ ဆရာတော်ဘုရားကြီး၏ ဩဝါဒခံယူကာ နှစ်ဖက်မိဘများအား အမှူးထားလျက် ဘုရားဒါယကာ ဦးကျော်သက်ပိုင်စိုး +ဘုရားဒါယိကာမ ဒေါ်နွဲ့ဝေအောင်(ရွှေညောင်ပင်)စက်သုံးဆီ ရောင်းဝယ်ရေးမိသားစု(လုံးခင်း)မှ လှူဒါန်းခြင်းဖြစ်သည်။

ရွှေထီးတော်အသစ်တင်လှူ ရေစက်ချအခမ်းအနားတွင် တက်ရောက်လာသော ဧည့်သည်လွှတ်တော် ကိုယ်စားလှယ်များ၊ ထီးတော်အလှူရှင်များနှင့်ဆွေမျိုးများ၊ ရပ်ဆွေရပ်မျိုးများ၊ ဒေသခံပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ရတနာသုံးပါးကန်တော့ပြီး ပြည်နယ်သံဃနာယကဥက္ကဋ္ဌ သောင်ဦးဆရာတော်ဘုရားထံ ငါးပါသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်ရွတ်ဖတ်ချီးမြှင့်ကြပြီး တောင်ကျောင်းဆရာတော်ဘုရားက ဩဝါဒကထာနှင့် အနုမောဓနာတရား ချီးမြှင့်တော်မူသည်။

ယင်းနောက် အလှူရှင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ဆရာတော်ဘုရာကြီးထံဆက်ကပ်၍ လှူဖွယ်ဝတ္ထု‌ငွေများဆက်ကပ်ပြီး ရေစက်သွန်းချ လှူဒါန်းခဲ့ကြသည်။

ထို့နောက် သာသနာ့အလံကိုင်အစီအစဉ်ဖြင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို ပင့်ဆောင်ကာ စေတီ‌တော်ကြီးအား လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်ကြပြီး ထီးတော်တင်ဘုံ အဆင့်ဆင့်၊ ဟင်္သာ၊ စိန်ပန်းခိုင်၊ ရွှေခေါင်းလောင်း၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား ပန်းရထားဖြင့် ပင့်‌ဆောင်တင်လှူပူဇော်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ၊ အလှူရှင်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ဖြန်းပက်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး