မော်လမြိုင် မေ ၂၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မြင်းကောင်ရေ (၂၀) ထက်မပိုသော စက်တပ်ရေယာဉ်ငယ်များ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က ရေကြောင်းဖြင့်ခရီးသွားကြသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်စည်များလုံခြုံချောမွေ့စွာ လိုရာခရီးသို့သယ်ယူပို့ဆောင်နိုင်ရေး ဝန်ဆောင်မှုပေးနိုင်ရန်၊ ရေယာဉ်လုပ်ငန်းလုပ်ကိုင်သူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေယာဉ်လုပ်သားများအနေဖြင့် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းလုပ်ဆောင်နိုင်စေခြင်း ရေယာဉ်ဆိုက်ကပ်သည့် ဆိပ်ကမ်းနေရာများ စနစ်တကျရှိစေရေး ဆောင်ရွက်ခြင်းရေယာဉ်စည်းကမ်း၊ ရေကြောင်းဆိုင်ရာစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ရေယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရေးအတွက် စက်တပ်ရေယာဉ်မောင်းနှင်သူများအနေဖြင့် ဂရုပြုလိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မြင်းကောင်ရေ (၂၀) ထက်မပိုသော စက်တပ်ရေယာဉ်ငယ်များ (၁၁၅) စီးအတွက် မှတ်ပုံတင်လက်မှတ်များကို ဒေသခံပြည်သူများထံသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)