ရန်ကုန် မေ ၂၀
သန်လျင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာ ပညာမိခင်စာကြည့်တိုက်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာထွန်းတို့က အဖွင့်အမှာစကားများပြောကြားပြီး အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ရှင်းလင်းပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဆောင်ရွက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှတာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက သိရှိလိုသည်များကို တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။
ယနေ့အခမ်အနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် အခမ်းအနားတက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)