ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စက်သုံးဆီဆိုင်များအား သွားရောက်ကြည့်ရှု စစ်ဆေး

ကွမ်းခြံကုန်း ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်  မီးသတ်ဦးစီးဌာနမှ  မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့က စက်သုံးဆီရောင်းချသော ဆိုင်များသို့ သွားရောက်၍ အသိပညာပေး ဟောပြော ခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါဆောင်ရွက်မှုကို မြို့နယ်မီးသတ်စခန်းတာဝန်ခံ  ဦးမြတ်သူထိုက် ဦးဆောင်၍  မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၆)ဦးဖြင့် ကံကြီးမကျီးရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရတနာစက်သုံးဆီ အရောင်းဆိုင်သို့ သွားရောက်၍ မီးဘေးကြိုတင် ကာကွယ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်ဝန်ထမ်းများအား   မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် ဆီဘောက်ဆာ ဆီအတင် အချ ပြုလုပ်ရာတွင် သတိထားဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လက်တွေ့မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံ၊ ဆီမီးလောင်မှုတွင် Foam ဆေးရည် ကိုင်တွယ်အသုံးပြုနည်း များကို ဝန်ထမ်းများအား လက်တွေ့ပြသဆောင်ရွက်ခဲ့ကြသည်။ အလားတူ ယခုလ(၁၆)ရက်နေ့ကလည်း ကမာပါကျေးရွာတွင် ဖွင့်လှစ် ထားသော UP စက်သုံးဆီဆိုင်သို့ သွားရောက်၍ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)