ကျောက်မဲ မေ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက် (၃) ရှိ ဗဟိုဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ ဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လေ့ကျင့်မှုကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြသည်။
လေ့ကျင့်မှုအတွင်း မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နည်းများနှင့် (191)Application အသုံးပြုနည်းများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့အပြင် မီးဘေးလုံခြုံရေး လက်ကမ်းစာစောင် ၁၅၀ စောင်ကိုလည်း ဖြန့်ဝေခဲ့သည်။
ထို့နောက် မီးသတ်ယာဉ် ၂ စီးဖြင့် ပင်လုံလမ်းမပေါ်မှတစ်ဆင့် ဗဟိုဈေးခေါင်မိုးပေါ်သို့ ရေပိုက်များ သွယ်တန်းကာ မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)