လားရှိုး ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ကိုဗစ်-၁၉ ခရိုင်အဆင့်လုပ်ငန်းကော်မတီသို့ ဝင်းရတနာမိုးကုမ္ပဏီလီမိတက်နှင့် ငွေရည်ပုလဲကုမ္ပဏီလီမိတက်တို့မှ ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီထံသို့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့မွန်းလွဲ (၂)နာရီအချိန် က အလှူငွေများလာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးခရိုင်အဆင့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချို က အဖွင့်မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီးနောက် အလှူရှင်များဖြစ်ကြသော ဝင်းရတနာမိုးကုမ္ပဏီလီမိတက်နှင့် ငွေရည်ပုလဲကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူတို့က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
ထို့နောက် ဝင်းရတနာမိုးကုမ္ပဏီလီမိတက်မှ အလှူငွေကျပ် ကျပ်သိန်း(၅၀)နှင့် ငွေရည်ပုလဲ ကုမ္ပဏီလီမိတက်မှ ငွေကျပ် ကျပ်သိန်း(၅၀) တို့အားပေးအပ်လှူဒါန်းခဲ့ကြရာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီနောက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများဝယ်ယူရန်အတွက် ဦးကြည်ဝင်း-ဒေါ်ကြာယုံ (ဝင်းရတနာမိုးကုမ္ပဏီလီမိတက်)မှ အလှူငွေကျပ် ကျပ်သိန်း (၃၀၀)ကိုလည်း လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ၂၀၂၁ခုနှစ် ဇန်နဝါရီ(၁၈)ရက်နေ့ ပေးပို့လှူဒါန်းထားကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)