စဉ့်ကိုင် မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသော တောင်သူများ၏ လယ်ယာမြေများတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၀ ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာများအလိုက် တောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ပေးရာတွင် စပါးတစ်ဧကလျှင် ၃၀၀၀၀၀ ကျပ်နှုန်းဖြင့် စပါးဧက ၄၁၁ ဧက၊ အခြားယာသီးနှံ တစ်ဧကလျှင် ၂၅၀၀၀၀ ကျပ်နှုန်းဖြင့် ၈ ဧက၊ စုစုပေါင်းစိုက်ပျိုးဧက ၄၁၉ ဧကအတွက် စုစုပေါင်းထုတ်ချေးငွေ ၁၂၅၃၀၀၀၀၀ ကျပ်ကို စိုက်ပျိုးချိန်အမီ ကျေးရွာ ၅ အုပ်စုရှိ တောင်သူ ၁၀၀ ဦးကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရပြီး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးလှစိုးထံမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)