ရက်(၁၀၀)အတွင်း ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင် သင်တန်းဖွင့်လှစ်

ရွာငံ မေ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် ရက်(၁၀၀)အတွင်း ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင် သင်တန်းဖွင့်ပွဲကို မေ(၁၉)ရက် နံနက်(၉)နာရီက အ.ထ.က- ရွာငံပြဒါးလင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်က အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝန်းအတွင်းအပြင် သန့်ရှင်းရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းအပ်နှံပြီး တန်းစဉ်ကူးပြောင်းမှုနှုန်း လျော့ကျမှုမရှိစေရေး၊ ကျောင်းတက်ရာနှုန်းပြည်မှီစေရေး အထူးအလေးထားဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိတို့က ဆွေးနွေးပြောကြားပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူး ဆရာမကြီး ဒေါ်နန်းခမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းကို  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရက်(၁၀၀)အတွင်း ကျောင်းသား၊ ကျောင်းသူများ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပြုစုပျိုးထောင်နိုင်ရန် ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းကို မေလ(၁၈)ရက်မှ(၂၁)ရက်အထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)