မြင်းခြံ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉) ဦး ရောဂါပျောက်ကင်း၍ ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြင်းခြံခရိုင် ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းထံမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉) ဦးအား မြင်းခြံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းဝင်းက "ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် (၇) ရက်တိတိ ဆက်လက်အနားယူနေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်ကိုယ်ရေ အသုံး အဆောင်ပစ္စည်း များကို သီးသန့်ထားရှိ အသုံးပြုစေလိုကြောင်း၊ မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်း မပြုဘဲ သီးခြားနေထိုင်ကာ မိတ်ဆွေများကိုလည်း မိုဘိုင်းဖုန်း(သို့) Online မှသာ ဆက်သွယ်ပြောဆို စေကြောင်း၊ အိမ်ရှိ အများသုံးပစ္စည်းတစ်ခုကို မကိုင်တွယ်မီနှင့် ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့်(၂၀) ကြာအောင် လက်ကိုစနစ်တကျဆေးကြောခြင်း(သို့) အယ်လ်ကိုဟော ၆၀ % ပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုစေကြောင်း" စသည်ဖြင့် မှာကြားခဲ့သည်။
ရောဂါသက်သာပျောက်ကင်း၍ ကိုဗစ်-၁၉ အတည်ပြုလူနာ (၉) ဦး ဆေးရုံဆင်းခွင့်ရရှိပြီး မြင်းခြံ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၇)ဦး ကျန်ရှိနေပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြင်းခြံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ထွန်းဝင်းက ပြောသည်။
ဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉) ဦးအား နှာခေါင်းစည်းများနှင့် ဆပ်ပြာခဲများနှင့် ဆေးရုံဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး မြင်းခြံမြို့ ဧရာဝတီ သွေးလှူရှင် အသင်းကားများဖြင့် အိမ်အရောက်လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။
ကျော်စွာ(မြင်းခြံ)