ရွှေပြည်သာ မေ(၂၀)
ရန်ကုန်တိုင်းဒေကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောကို မေလ(၂၀)ရက်နေ့၊ နံနက် ၉ နာရီအချိန်က ရွှေပြည်သာမြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် ရွှေပြည်သာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကောမတီ(YRTC)တွဲဘက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး(ရန်ကုန်မြောက်ပိုင်း)မှ ခရိုင်ဦးစီးမှူး ဦးသိန်းအေးထွန်းတို့က ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် သတိပြုလိုက်နာရမည့် မီးပွိုင့်များအကြောင်း၊ Road Signများအကြောင်းကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့အာမခံလုပ်ငန်းမှလက်ထောက်မန်နေဂျာ ဦးသူရိန်မိုးက`သူတပါးထိခိုက်မှုအာမခံအကြောင်း´ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ပြီး၊ အမှတ် (၆၅)ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဇော်ဇော်စိုးက ယာဥ်စည်းကမ်းလမ်းစည်းများကို ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ သုံးဘီးဆိုင်ကယ်မောင်းသူများ တက်ရောက်ကြပြီး ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှဝန်ထမ်းများက ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)