မူဆယ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ သင်တန်းဖွင့်လှစ်

မူဆယ် မေ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ သင်တန်းကို ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် မေ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းက အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အရည်အချင်းပြည့်မီသူများကို စိစစ်ရွေးချယ်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိက ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေများနှင့် အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပို့ချခဲ့ပါသည်။

အဆိုပါသင်တန်းကို မူဆယ်မြို့ပေါ် ၉ ရပ်ကွက်ရှိ ကြီးကြပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)