ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ဒဂုံမြောက် မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂) ရပ်ကွက်၊ ပုဗ္ဗဝိဒေဟဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းမှ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဆေးရုံမှ မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဒေါက်တာငြိမ်းချမ်းဦးမှ သွေးလွန်တုပ်‌ကွေးရောဂါ ကာကွယ်ရေးအကြောင်း၊ (၄၈)ဒေသန္တရကျန်းမာ‌ရေးဌာနမှ ဒေါက်တာသက်လျာထွန်းက ဝမ်းပျက်၊ဝမ်းလျောရောဂါ ကာကွယ်ရေးအကြောင်း၊ ကျန်းမာရေးအဆင့်-၁ ဦးဝင်းဇော်ဦးမှ တိုးချဲ့ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်လင်းဦးမှ တီဘီရောဂါကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေး ဆွေနွေးခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၂၀) အခြေခံပညာ မူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေး ကာကွယ်ရန်အတွက် ရေစည်ရေကန်များ အတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် စာသင်ခန်းများအတွင်း ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ရီ