ကော့မှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်ဌာနဆိုင်ရာရုံးများ၊ရပ်ကွက်ကျေးရွာများအရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်းပေး

ကော့မှူး မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း လူငယ်လူရွယ်များနှင့်ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စာပေလေ့လာဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့်ဘုရားလမ်းရပ်ကွက်များ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ပေါ်တွင် ပြည်သူများ၊‌ ဌာနဆိုင်ရာများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတများစွာရရှိနိုင်သော သုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြစာအုပ် စုစုပေါင်း(၂၀၀၀)ကျော်ပါရှိပြီး ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများအရောက် ရက်သတ္တပတ် နှစ်ပတ်လျှင်တစ်ကြိမ် အခမဲ့ လိုက်လံငှားရမ်း ပေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာဗဟုသုတတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားရေးနှင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ နံရံကပ်စာစောင်ပြသခြင်းများကို အစဉ်အမြဲ ကျင်းပပေးနေကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)