ကော့မှူးတွင် မီးဘေး၊ ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော

ကော့မှူး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးအန္တရာယ်နှင့် အခြား‌သောသဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က နတ်စင်ကုန်းကျေးရွာ အ‌ခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်နာရမည့်အချက်များ၊ သဘာဝ‌ဘေးနှင့်ပတ်သက်၍ ကမ္ဘာအရပ်ရပ်တွင် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်ခံစားရလျက်ရှိပြီး ထိုဘေးအန္တရာယ်များအနက် သဘာဝဘေးအန္တရာယ်မှ အများဆုံးနှင့် ဒုက္ခအပေးဆုံးဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်တိုင်း လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးစေသည်သာမက နဂိုအခြေအနေသို့ရောက်ရှိအောင် ပြန်လည်ထူထောင်ရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပါကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်မကျရောက်မီကပင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မလွဲမသေပြုလုပ်ရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများမှ ဆောင်ရန်၊ ရှောင်ရန်များ မုန်တိုင်းဘေး၊ ရေဘေး၊ လေဘေးအန္တရာယ်အတွက် ဆုံးရှုံးမှုသက်သာစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။  

ကျော်သူရ (ကော့မှူး)