ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးရှိ ဈေးဆိုင်များအား ရက် ၁၀၀ စီမံချက်ဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

ပုဗ္ဗသီရိ မေ ၂၀

နေပြည်တော်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့က ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မင်္ဂလာဈေးအတွင်းရှိ ဈေးဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များ၊ တရားမဝင်နှင့်သက်တမ်းလွန် ဆေးဝါးများ၊ သုံးစွဲရန် မသင့်ကြော်ငြာထားသော ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိကို ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်းများ ဆောင်ရွက်သည်။

ထိုသို့စစ်ဆေးရာတွင် ဈေးဆိုင်များမှ အစားအသောက်နမူနာ(၂၇)မျိုး၊ ဆေးဆိုင်များမှ ဆေးဝါး၊ ဆေးပစ္စည်း နမူနာလေးမျိုးနှင့် အလှကုန်ပစ္စည်းဆိုင်များမှ အလှကုန်ပစ္စည်းနမူနာနှစ်မျိုး စုစုပေါင်း နမူနာ(၃၃)မျိုးအား ဝယ်ယူစစ်ဆေးခဲ့ပြီး အစားအသောက်နမူနာ(၂၇)မျိုးအနက် (၁၅)မျိုးအား စားသုံးရန်မသင့်သော တားမြစ် ဓာတုပစ္စည်းများ ပါဝင်ခြင်းရှိ/မရှိကို  (Mobile Lab Van) ရွေ့လျား ဓာတ်ခွဲယာဉ်ပေါ်တွင် Rapid Test Kit ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ကျန်ရှိသော အစားအသောက် နမူနာများနှင့် ဆေးဝါး၊ အလှကုန်/ဆေးပစ္စည်း နမူနာများအား နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးမည်ဖြစ်ကြောင်းသိရပြီး နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အများပြည်သူအတွက် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကိုသာ ရောင်းချရန်နှင့် ဆေးဆိုင်များကိုလည်း ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်များနှင့်အညီ စနစ်တကျရောင်းချရန် အသိပညာပေးခြင်းများ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)