ခိုလမ် မေ ၂၀
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ခိုလမ်မြို့၊ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေမွန် ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ရောဂါဝေဒနာများအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ ဝမ်စိမ်းကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုလမ်မြို့၊ ကုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေမွန် ဦးဆောင်၍ ခွဲစိတ်ရောဂါအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ သားဖွားနှင့်မီးယပ်အထူးကု၊ အထူးကု (ဓာတ်မှန်)၊ အထွေထွေရောဂါဆရာဝန်နှင့် ကျွမ်းကျင်ဆေးအဖွဲဝင်များပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့သည် ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ဝေဒနာရှင်တိုင်းရင်းသားပြည်သူများကို အခမဲ့ရောဂါရှာဖွေစမ်းသပ်စစ်ဆေး၍ ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးကုသမှုများအဆင်ပြေစေရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမွန်းအောင်၊ မိုင်းနောင်မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူထွန်း၊ ရပ်မိရပ်ဖများ၊ လူမှုကူညီရေးအသင်းများနှင့် တိုက်နယ်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများက ဝေဒနာရှင်ပြည်သူများအဆင်ပြေချောမွေ့စွာ စမ်းသပ်ကုသခံနိုင်ရန်အတွက် ဝေယျာဝစ္စကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဝမ်စိမ်းကျေးရွာအုပ်စုအတွင်းရှိ ရောဂါဝေဒနာရှင် ခွဲစိတ်လူနာ (၅၀) ဦး၊ သွားနှင့်ခံတွင်း လူနာ (၄၆) ဦး၊ သားဖွားမီးယပ်လူနာ (၄၃) ဦး၊ Ultrasound လူနာ (၄၉) ဦးနှင့် အထွေထွေရောဂါလူနာ (၁၈၆) ဦး စုစုပေါင်းလူနာ (၃၂၅) ဦးကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဇင် (ပြန်/ဆက်)