ပူတာအို မေ ၂၀
မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်အတွင်း မိုးစပါးအပါအဝင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် ငါးသယံဇာတတိုးတက်မွေးမြူထုတ်လုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်အတူ မေ (၁၈) ရက်နေ့က ပူတာအိုမြို့ရှိ ငါးကန်းများနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ လက်ဖက်ခြံများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးသည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း တောင်သူ ဒေါ်ဖုန်ဇီးခေါ်ရမ်၏ ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေကျပ်သိန်း (၄၀) ဖြင့် ဒေသငါးမျိုးဖြစ်သည့် ငါးနီ၊ တီလားဗီယား၊ ရွှေဝါငါးကြင်း စုစုပေါင်းကောင်ရေ (၁၅၀၀) ခန့် မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပန်းလှိုင်ရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်အေး၏ ငါးမွေးမြူရေးကန် (၃) ကန်တွင်လည်း ဒေသငါးမျိုးဖြစ်သည့် ရွှေဝါငါကြင်း၊ တီလားဗီးယားနှင့် ငါနီစုစုပေါင်းကောင်ရေ (၂၈၀၀) ခန့်မွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးကျော်ကိုကိုကျော်က ငါးမျိုးများစိုက်ထည့်ထားရှိမှုအခြေအနေများနှင့် ဒေသတွင်း နိုင်ငံ့စီးပွားချေးငွေထုတ်ချေး၍ ငါးထုတ်လုပ်မှု တိုးတက်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးက ပူတာအိုခရိုင်အတွင်း ငါးစားသုံးမှုဖူလုံစေရေး ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများတိုးပွားလာစေရေး၊ ငါးမွေး တောင်သူများကိုယ်တိုင် သားဖောက်မွေးမြူဖြန့်ဖြူးနိုင်သည်အထိ ကြိုးစားရန်နှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များပံ့ပိုးကူညီနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးသည် ညနေပိုင်းတွင် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနပိုင်ခြံဝင်းအတွင်း ဒေသရာသီဥတုနှင့်ကိုက်ညီသည့် လက်ဖက်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လက်ဖက်စိုက်ပျိုးရေးသည် ဒေသတွင်းဖြစ်ထွန်းသည့်အပြင် တောင်သူဝင်ငွေတိုးပွားစေပြီး လက်ဖက်ခြောက်၊ လက်ဖက်ဆိုအထိ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး တောင်သူများနှင့် စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)