ကချင်ပြည်နယ် စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (R.B.F) စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပူတာအို မေ ၂၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း (R.B.F) စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးသည် ပူတာအိုခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ တတိယနှစ်စက်ဝန်း နိုင်ငံတော် မတည်ငွေကျပ်သိန်း (၃၀၀)ဖြင့် ရင်းနှီးမတည်ဆောင်ရွက်ပေးထားပြီး လုပ်ငန်းလည်ပတ်လျက်ရှိသည့် ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာအုပ်စု မူလာအွန်ခေတ်မီ စံပြကျေးရွာအတွင်း ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း R.B.F စီမံကိန်းဖြင့် ကျေးရွာ သူ/သားများ အစုအဖွဲ့ဖြင့် ထူထောင်ထားသည့် “ကောမိ” အစုအဖွဲ့ပိုင် အသားတိုးဝက်မွေးမြူရေးလုပ်ငန်းနှင့် “ဘရန်မိုင်ဝမ်တုံ” နွားမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ဝင်ငွေတိုးပွားရေး စီမံကိန်းဖြစ်သည့်အတွက် စဉ်ဆက်မပြတ် လည်ပတ်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် အဆိုပါကျေးရွာအတွင်း  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ်သိန်း (၅၄၀)အား ထုတ်ချေးသူ(၈၆)ဦး၏ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အရောင်းအဝယ်လုပ်ငန်း၊ ကုန်စုံဆိုင်များနှင့် ဝက်မွေးမြူရေးကိုလည်း ကျေးရွာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ချေးငွေအပေါ် လုပ်ငန်းလည်ပတ်မှု အခြေအနေများနှင့် အရောင်းအဝယ်ဖြစ်ထွန်းမှုတို့ကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းသည်။

ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ပူတာအိုလွင်ပြင်ပတ်လမ်းပေါ်ရှိ ပူတာအိုမြို့နယ် မန်စေခွန်ကျေးရွာအုပ်စု၊ မန်စေခွန်ကျေးရွာတွင်း လမ်းမတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်တံတားအဖြစ် အဆင့်တိုးမြှင့် တည်ဆောက်သွားမည့် တံတားအား ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးတည်ဆောက်ပေးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရေးမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)