ကျောက်မဲ မေ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲခရိုင်/မြို့နယ်ဦးစီးမှူးရုံးရှေ့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ကျောက်မဲခရိုင် မီးသတ်စခန်းမှူး ဦးစီးအရာရှိ ဦးသိန်းလွင်က မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရန်/ရှောင်ရန်များ၊ မီးလောင်မှုစတင်ဖြစ်ပွားပါက စိတ်တည်ငြိမ်စွာ တုံ့ပြန်ဆောင်ရွက်ရန်နှင့် လျှပ်စစ်ပစ္စည်းများကို မကြာခဏစစ်ဆေးရန် ရှင်းလင်းပြောကြားသည်။ ထို့ပြင် အရေးပေါ်အခြေအနေများတွင် သတင်းအချက်အလက် လျင်မြန်စွာပေးပို့နိုင်ရေးအတွက် "191 Application" အား လက်ကိုင်ဖုန်းများတွင် ထည့်သွင်းအသုံးပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နည်းနှင့် ရေစိုဝတ် (စောင်) ဖြင့် အောက်ဆီဂျင်ဖြတ်တောက်ကာ မီးငြိမ်းသတ်နည်း အဆင့်ဆင့်တို့ကို ရှင်းလင်းပြသကြရာ ရုံးဝန်ထမ်းများနှင့် ဒေသခံပြည်သူများက လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီတွင် ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ရုံးသို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်နည်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)