တောင်ကြီးမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကျင်းပ

တောင်ကြီး မေ ၁၉

ရက် (၁၀၀) စီမံချက်ဖြင့် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနကကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲကို မေလ (၁၈) ရက်နေ့၊ နံနက် (၈) နာရီအချိန်က တောင်ကြီးမြို့ ထိန်သာဟိုတယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဓာတုပိုးသတ်ဆေးများသည် အလွန်အန္တရာယ်ကြီးသည့် အဆိပ်ဖြစ်၍ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲသူများအနေဖြင့် ဓာတုပိုးသတ်ဆေးများ၏ အန္တရာယ်၊ လူနှင့်ပတ်ဝန်းကျင်အန္တရာယ်ကင်းရှင်းစေရန် ပိုးသတ်ဆေးကိုင်တွယ်သုံးစွဲနည်းကို ကောင်းစွာသိရှိနားလည်ရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေးရောင်းချသူများအနေဖြင့်လည်း တောင်သူများအား လူနှင့်ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းစေရန် ဘေးကင်းလုံခြုံစိတ်ချရသည့် စားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ပိုးသတ်ဆေးသုံးစွဲမှု ထိရောက်စေရန် တောင်သူများအား စနစ်တကျလမ်းညွှန်ပေးရန် လိုအပ်ကြောင်း ပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်လေးဇံမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကြောင်း သိရှိရသည်။

အဆိုပါသင်တန်းအား မေလ(၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၃) ရက်ကြာပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ပိုးသတ်ဆေးရောင်းချသူများ၊ စိုက်ပျိုးရေးဆေးကုမ္ပဏီဝန်ထမ်းများ၊ သီးနှံအစုအဖွဲ့မှ တောင်သူများ၊ လုပ်ကွက်ငယ်တောင်သူများနှင့် စိုက်ပျိုးရေးဝါသနာရှင်များ စုစုပေါင်း (၁၅၀) ဦး တက်‌ရောက်ကြကြောင်း သိရှိရသည်။

ထက်ဝေ (ပြန်/ဆက်)