ကချင်ပြည်နယ် ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

ဝိုင်းမော် မေ ၂၀

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သန်းဌေးအောင်သည် ဝိုင်းမော်မြို့နယ်အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ရပ်ကွက် (၁)ရှိ မြို့ဝင်ဆိုင်းဘုတ် မြေယာရှုခင်း၊ စည်းလုံးခြင်းရုပ်ထု မြေယာရှုခင်း၊ Waingmaw Riverview မြေယာရှုခင်း၊ ဧရာမော်ပန်းခြံနှင့် ရပ်ကွက်(၄) သာဂရဘုန်းတော်ကြီး ကျောင်းရေကန် ဘေးရှိ မြေယာရှုခင်းတို့တွင် အရိပ်ရပန်းပင်များနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဝိုင်းမော်-ဝါရှောင်သွားလမ်းဘေး လော်ဝေါ်ရိုးရာ မနောကွင်းရှေ့ မြောင်းအရှည် (၁၇၅၀) ပေရှိ မြေသားရေနှုတ်မြောင်းအား ရေစီးရေလာကောင်းမွန်ရေးအတွက် တိုးချဲ့ပြင်ဆင်တူးဖော်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း လှည့်လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမူကူညီရေးအသင်းအဖွဲ့များနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးက ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စည်ပင်သာယာရေးအဖွဲ့ တစ်ခုတည်း ဆောင်ရွက်ရုံဖြင့် မလုံလောက်တော့ဘဲ “ပြည်သူပါ၀င်မှအောင်မြင်မည်” ဆိုသည့်ခံယူချက်ဖြင့် ရပ်ကွက်/ကျေးရွာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူငယ်အဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးပူးပေါင်းပါ၀င်ကူညီဆောင်ရွက်နိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူများ၏ လူနေမှုဘ၀တိုးတက်ကောင်းမွန်ရေးတို့အတွက် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့နယ်အတွင်း စွန့်ပစ်အမှိုက် သိမ်းဆည်းလမ်းကြောင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရေစီးရေလာကောင်းမွန်စေရေး ပင်မရေထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် မိုးရာသီ၌ ဝိုင်းမော်မြို့နယ်အတွင်း အရိပ်ရပန်းအလှပင်များ စိုက်ပျိုးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များကို အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်သည်။

ဆက်လက်၍ အဆိုပါခန်းမ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးက အားပေးအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၃)ဦးတို့အား ပညာသင်စရိတ်ထောက်ပံ့ငွေကျပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအတွင်း ပျိုးထောင်ထားရှိသည့် စင်္ကာပူချယ်ရီ၊ ကံကော်၊ သပြေဘူတ၊ ဖော့စတေး၊ ထန်းပင်၊ ရေတမာ အစရှိ သည့် အရိပ်ရပန်းပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်‌ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မြစ်ကြီးနားမြို့မှ တစ်ရက်လျင် အမှိုက်တန်ချိန် (၁၅၆) တန်ခန့်စွန့်ပစ်လျက်ရှိသော (၂၀.၈၂) ဧကရှိ နန်ကျင်အမှိုက်ကျင်းသို့သွားရောက်၍ မိုးရာသီကာလအတွင်း အမှိုက်သယ်ယာဉ်များ သွားလာ‌ရန် လွယ်ကူစေရေးအတွက် အမှိုက်ကျင်းပတ်လမ်း အရှည် ပေ (၁၀၀၀)ကျော်၊ အကျယ် (၁၆) ပေအား သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် အမှိုက်ကျင်းအား မြို့နယ်စည်ပင်လုပ်သားများနှင့် စက်ယန္တရားကြီးများဖြင့် အမှိုက်စွန့်ပစ်ရန် ရှင်းလင်းနေမှု အခြေအနေများအား လှည့်လည်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မိုးမကျမီကာလအတွင်း လုပ်ငန်းများကို ကောင်းမွန်စွာ ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)