သထုံ မေ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာတွင် ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
သထုံမြို့နယ်၊ ကတိုက်ကလေးကျေးရွာ၊ ကတိုက်ကလေးစိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းမှ နိုင်ငံတော်ထောက်ပံ့ငွေ ၅၀ ရာခိုင်နှုန်းဖြင့် ထောက်ပံပေးထားသည့် ဒယ်ဒေါင်ထွန်စက်ဖြင့် အသင်းသားတောင်သူတစ်ဦးပိုင်ဆိုင်သည့် လယ်ဧက ၅၀ အား လယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှုကို မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်ညွှန်ကြားရေးမှူးက အသင်းသားတောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် မိမိတို့ဒေသအလိုက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများအချိန်မီ စနစ်တကျထည့်သွင်းနိုင်ရေး၊ လယ်ယာမြေထွန်ယက်နေမှုအား သတ်မှတ်ဧကထက် ပိုမိုထွန်ယက်နိုင်ရေး၊ အသင်းသားတောင်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို မြို့နယ်အသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)