ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲနှင့် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲ တက်ရောက်

မိုးညှင်း မေ ၂၀

ကချင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် မိုးညှင်းခရိုင် မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲနှင့် အောင်သပြေရပ်ကွက် မြို့တော်ခန်းမတွင်ပြုလုပ်သည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲကို မေ (၁၉) ရက် နံနက် (၁၀) နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးကို ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ပြည်နယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းထွန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထက်အောင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြပြီး‌နောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ခရိုင်အတွင်းရှိ မြို့နယ်များတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်း (၃) ပိုင်းစီဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းက အဆိုပါရုံးဖွင့်လှစ်ခဲ့သည်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားသည်။

 ယင်းနောက် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် မွန်းလွဲ(၁)နာရီတွင် အောင်သပြေရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးသည် တတိယအကြိမ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး အတွေ့အကြုံရှင်းလင်းပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားကာ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အမှတ် (၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က လွှတ်တော်အသီးသီး၏ အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဆိုပါတွေ့ဆုံပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း