တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သမဝါယမအသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းဆင်းပွဲကျင်းပ

တောင်ဥက္ကလာပ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အနေဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့်ပူးပေါင်းကာ မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးခင်ဇော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသာအောင်ဌေးတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိဦးခင်ဇော်နှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးသာအောင်‌ဌေးနှင့် တာဝန်ရှိများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုတံဆိပ်၊ ဆုငွေနှင့် သင်တန်းဆင်းလက်မှတ်များ‌ ပေးအပ်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအသီးသီး‌ပေးအပ်ခဲ့ပြီး အသင်းတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ သင်တန်းဆင်းစုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများတက်ရောက်ခဲ့ပြီး သင်တန်းကိုသင်တန်းသား (၃၀) ဦးတက်ရောက်ပြီး နည်းပြ ၃ ဦးဖြင့် သင်ကြားပေးကာ သင်တန်းကာလကို မေလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)