မူဆယ် မေ ၂၀
ဇွန်လ (၁) ရက်နေ့တွင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား ပြင်ဆင်ထားရှိမှုနှင့် ကျောင်းများသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများ အတွင်းအပြင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် စာသင်ဆောင်များပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအဖွဲ့သည် အ.ထ.က (၂) ရှိ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး သင်ကြားနေသည့် ကျောင်းခန်းသို့ရောက်ရှိပြီး ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ချီးမြှင့်သည့် ငွေကျပ် (၂၀) သိန်းအား ချီးမြှင့်ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)