ကျောက်ဆည်မြို့နယ်၌ စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် မျိုးစေ့အရည်အသွေးထိန်းသိမ်းခြင်း သင်တန်းဖွင့်

ကျောက်ဆည် မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက တနိုင်တပိုင် မျိုးစေ့ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသတွင်းတောင်သူများ၏ မျိုးစေ့လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအပြင် မျိုးစေ့လိုအပ်သော အခြားဒေသများသို့ ဖြန့်ဖြူးနိုင်ရေး စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစံအောင်က တောင်သူများအနေဖြင့် နိုင်ငံတော်၏မျိုးစေ့လိုအပ်ချက်များကို ပူးပေါင်းကူညီဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးပွားလာစေရန်၊ မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေရန် သင်တန်းမှ သင်ကြားပို့ချလိုက်သော ဘာသာရပ်များကို စပါးမျိုးစေ့ထုတ်စိုက်ပျိုးရာ၌ လက်တွေ့အသုံးချသွားကြရန် အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့သည်။

ထို့နောက် သင်တန်းကို ဆက်လက်ဖွင့်လှစ်ပြီး မန္တလေးတိုင်းဒေသကြီး ဗဟိုခြံတာဝန်ခံ ဦးအောင်ကျော်စိုးစံက ပျိုးထောင်ချိန်မှ ရိတ်သိမ်ချိန်အထိ စပါးမျိုးစေ့ထုတ်လုပ်ခြင်းအကြောင်းများ၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်က စပါးမျိုးစေ့ထုတ်လုပ်ငန်း ကွင်းဆင်းစစ်ဆေးခြင်းနည်းလမ်းများ၊ အထက်မြန်မာပြည် မျိုးစေ့တာဝန်ခံ ဒေါ်မိုးသန့်သန့်က စပါးမျိုးစေ့အရည်အသွေးစစ်ဆေးခြင်းနှင့် မျိုးစေ့ထောက်ခံချက်ပေးခြင်း၊ စဉ့်ကိုင်မြို့နယ် မျိုးသန့်ခြံတာဝန်ခံ ဦးမျိုးမင်းထွန်းက စပါးမျိုးစေ့ထုတ်လုပ်ငန်း ရိတ်သိမ်းချိန်လွန်တွင် လိုက်နာရမည့်နည်းပညာများအကြောင်း သင်ကြားပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ စိုက်ပျိုးရေးဝန်ထမ်း ၂၅ ဦးနှင့် စပါးစိုက်တောင်သူ ၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)