မြစ်ကြီးနား မေ ၂၀
ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ASEAN U - 19 Girls’ Futsal Championship 2026 ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှဦးဆောင်၍ ပဏာမ ယူ - ၁၉ အမျိုးသမီးဖူဆယ်အသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကချင်ပြည်နယ်မှ အသက် ၁၉ နှစ်အောက် အမျိုးသမီးဖူဆယ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လူရွေးချယ်ပွဲအား ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးက အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှတာဝန်ရှိသူများ ဖူဆယ်နည်းပြနှင့် တာဝန်ရှိသူများနှင့်အတူ အသက် ၁၉ နှစ်အောက် အမျိုးသမီးဖူဆယ်အားကစားသမားများအား အဆိုပါပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပဏာမအသင်းမှအပြီးသတ် အသင်းဖွဲ့စည်းသည်အထိပါရှိအောင် အစွမ်းကုန်ခြေစွမ်းပြကြိုးစားကစားကြရန် အားပေးစကားပြောကြားခဲ့ပြီး အားကစားသမားများအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲအတွက် ပဏာမလူရွေးချယ်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှဦးဆောင်၍ မန္တလေးမြို့နှင့် တောင်ကြီးမြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကွင်းများတွင် သွားရောက်ရွေးချယ်ခဲ့ပြီးဖြစ်ပြီး မြစ်ကြီးနားမြို့၌ လူရွေးချယ်ပွဲအား မေလ ၁၉ နှင့် ၂၀ ရက်နေ့တွင် ၂ ရက်ကြာ လူရွေးချယ်ပွဲအား ပြုလုပ်လျက်ရှိရာ ပြည်နယ်အတွင်းမှ အသက် ၁၉ နှစ်အောက် ဖူဆယ်ဝါသနာရှင်အမျိုးသမီးအားကစားသမား ၆၅ ဦး လာရောက်အရွေးချယ်ခံလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)