မြစ်ကြီးနား မေ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းသား/ သမီး ကျောင်းသား/ ကျောင်းသူများအား နွေရာသီအင်္ဂလိပ်စာ (ထက်၊ လယ်၊ မူအဆင့်) သင်တန်းနှင့် ကွန်ပျူတာ (လယ်၊ ထက်အဆင့်) သင်တန်းဆင်းပွဲအား ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာကြီးတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ နည်းပညာနှင့် ဘာသာစကားအခြေခံများတတ်မြောက်ရန်အရေးကြီးပါကြောင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာလေ့လာသင်ကြားရခြင်းဟာ မိမိတို့ဘဝတိုးတက်မြင့်မားလာရေးအတွက် များစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်ကြားပို့ချမှုများအား သင်တန်းတက်ရောက်နေသည့် ကာလတွင်သာမဟုတ်ဘဲ စဥ်ဆက်မပြတ်လေ့ကျင့်စေလိုကြောင်း၊ သင်တန်းတွင် သင်ကြားရရှိသောပညာရပ်များကို လက်တွေ့ဘဝတွင် ကောင်းစွာပြန်လည်အသုံးချနိုင်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းဆင်း ကျောင်းသား/ သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်လည်းကောင်း၊ အင်္ဂလိပ်သီချင်းအား သရုပ်ဖော်ပြသခြင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အင်္ဂလိပ်စာသင်တန်းပို့ချသင်ကြားပေးခဲ့သည့် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ ဆရာမများနှင့် ကွန်ပျူတာသင်တန်းပို့ချပေးခဲ့သည့် Polytechnic University မှ ဆရာ/ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းမှ အဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော သင်တန်းသား/ သူများအား ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/ သူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)