မင်္ဂလာဒုံ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါန အကျိုး ဆောင်အသင်းက ငွေကျပ်သိန်း (၈၀)အပါအဝင် မင်္ဂလာဒုံမြို့နယ်နေ စေတနာအလှူရှင်များ စုပေါင်း၍ နိုင်ငံတော်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် (၁၈၁)သိန်း လှူဒါန်းခြင်းကို ယနေ့ နံနက်(၉)နာရီက မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် “သပြေညို” ပညာဒါနအကျိုးဆောင်အသင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အလှူရှင်များမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရန် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ “သပြေညို” ပညာဒါနအကျိုးဆောင် အသင်း ဥက္ကဋ္ဌ ဦးတင်ညွန့်၊ ဒေါ်ခင်မာဝေ မိသားစုက အလှူငွေကျပ်သိန်း(၅၀)၊ “သပြေညို” ပညာဒါန အကျိုးဆောင်အသင်း နာယက ဦးသန်းလွင်၊ ဒေါ်စန္ဒာလွင် မြန်မာ့ရနံ့စားသောက်ကုန် လုပ်ငန်း မိသားစုက ငွေကျပ်သိန်း(၂၀)၊ “သပြေညို” ပညာဒါန အကျိုးဆောင် အသင်းဒု-ဥက္ကဋ္ဌက ငွေကျပ်(၁၀) သိန်း၊ စုစုပေါင်းသိန်း(၈၀)အပါအဝင် မြို့နယ်နေ ပြည်သူများ၊ လူမှုရေး ပရဟိတအဖွဲ့များက စုပေါင်းပြီး ငွေကျပ်(၁၈၁) သိန်းကို လှူဒါန်းခဲ့သည်။
အလှူငွေများကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ နာယက မင်္ဂလာဒုံမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက နိုင်ငံတော်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေ ထဲသို့ ထည့်ဝင်နိုင်ရန် အလှူငွေများကို လက်ခံယူခဲ့သည်။
မျိုးသန့် (ပြန်/ဆက်)