တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ် ဆွေးနွေးဟောပြောပွဲကျင်းပ

တာမွေ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုရုံးမေတ္တာစံအိမ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် (၁၀၀) စီမံချက်ဖြင့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား ပြည်သူ့ဆက်ဆံရေးဘာသာရပ်ကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က ပြည်သူ့ဆက်ဆံရေး ဘာသာရပ်နှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကိုမေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ မိဘအုပ်ထိန်းသူများ၏ အပ်နှံမှုဖြင့် အသင်းရုံးရှိ မေတ္တာစံအိမ်တွင် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှု ခံယူနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန်တို့ အတွက်ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို စဉ်ဆတ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်