မရမ်းကုန်း မေ ၂၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့က ဦးဆောင်၍ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် နေအိမ်များတွင် သွေးလွန်တုပ်ကွေးအန္တရာယ်ကင်းရှင်းစေရေး မေလ ၁၈ ရက် နံနက် ၇ နာရီက အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁၃) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ခြင်များပုန်းအောင်းနေနိုင်သော မြက်ပင်၊ ချုံပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အမှတ်(၁)ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မရမ်းကုန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဝေယံ (မရမ်းကုန်း)