၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သာစည်မြို့နယ်၌ အခြေခံပညာကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင် ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် သန့်စင်ခန်း ဆောက်လုပ်ခြင်းလုပ်ငန်းများ ၈၃ ခုဆောင်ရွက်မည်

သာစည် ဇန်နဝါရီ ၁၈

၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အခြေခံပညာ ကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောင်းဝင်း အုတ်တံတိုင်း ကာရန်ခြင်းနှင့် သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်းများ  ၈၃  ခု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ခန်းမ၌ပြုလုပ်သော မြို့နယ်တည်ဆောက်ရေး ကော်မတီ၏ လုပ်ငန်းအပ်နှံ ဆွေးနွေးပွဲမှ သိရသည်။

ဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟက အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါက်တာ သန္တာဆွေက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။ ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးရဲဆုပိုင်က အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဦးစိုးဦးက ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်း ပြောကြားပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် မှာကြားသည်။ ထို့နောက် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့တာဝန်ခံ ဦးမျိုးသန့်က အရည်အသွေးပြည့်မီရေး စစ်ဆေးခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ သာစည်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာကျောင်း ၇၆ ကျောင်းတွင် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ၂၃ ခု၊ ကွန်ကရစ် လမ်း ခင်းခြင်းလုပ်ငန်း ၃ ခု၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် သန့်စင်ခန်းဆောက်လုပ်ခြင်းလုပ်ငန်း ၅၇ ခုတို့ ဆောင်ရွက်ခွင့်ရရှိကြောင်း သိရသည်။

အဆိုပါဆွေးနွးပွဲသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးရုံးများမှ တာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသော ရက်ကွက်/ကျေးရွာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး  ကိုဗစ်-၁၉  ရောဂါ ကျန်းမာရေး လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်း(ပြန်/ဆက်)